International News

စီးပွားရေးလုပ်ငန်းဆိုင်ရာယုံကြည်မှုကျဆင်းခဲ့သဖြင့် Startups လုပ်ငန်းများအတွက် ဘဏ္ဍာရေးထောက်ပံ့မှုအစီအစဉ်ကို နယ်သာလန်နိုင်ငံ စတင်ခဲ့ခြင်း

Last Updated:

နယ်သာလန်နိုင်ငံအစိုးရသည် start-ups နှင့် scale-ups လုပ်ငန်းများအတွက် အကူအညီအစီအစဉ်ကို ၂၉-၄-၂၀၂၀ နေ့တွင် စတင်ခဲ့ကြောင်း၊ အဆိုပါလုပ်ငန်းများ အနေဖြင့် ပေါင်းကူးချေးငွေ (bridging loan) ကို စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းသည် စီးပွားရေးလုပ်ငန်း ယုံကြည်မှု အပိုင်းတွင် များစွာကျဆင်းမှုဖြစ်ပေါ်စေခဲ့ပြီး အထူးသဖြင့် စားသုံးသူအခြေပြု စက်မှုလုပ်ငန်းများတွင်ကျဆင်းခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် ဝင်ငွေ ကျဆင်း မည်ဟု မျှော်လင့်ထားသည့် လုပ်ငန်းရှင်အရေအတွက်မှာ ယခင်မရှိခဲ့ဖူးသည့် အရေအတွက်ဖြစ်သည်ဟု နယ်သာလန်နိုင်ငံ စာရင်းအင်းဌာန (Statistics Netherlands) က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အကူအညီအစီအစဉ်သည် နယ်သာလန်နိုင်ငံရှိ အခြားသော ကိုရိုနာဗိုင်းရပ်စ် အထောက်အပံ့အစီအစဉ်များတွင် အကျုံးမဝင်သည့် စီးပွားရေး လုပ်ငန်းများ အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ယင်းအစီအစဉ်တွင် ယူရိုသန်း(၂၀၀) ပါဝင်ပြီး၊ နယ်သာလန်နိုင်ငံအစိုးရနှင့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ InvestNL တို့မှ ထက်ဝက်စီဖြင့် ရန်ပုံငွေပံ့ပိုးပေးခြင်းဖြစ်ကြောင်း၊ start-ups နှင့် scale-ups လုပ်ငန်းများအပြင် တီထွင်ဆန်းသစ်မှုလုပ်ငန်းများဆောင်ရွက်နေသည့် အသေးစားအလတ်စား စီးပွားရေး လုပ်ငန်းများသည်လည်း ၎င်းရန်ပုံငွေမှ ချေးငွေလျှောက်ထားနိုင်ကြောင်း သိရှိရပါသည်။

Statistics Netherlands အရ စားသုံးသူအခြေပြုစက်မှုလုပ်ငန်းများရှိ လုပ်ငန်းရှင်အများစုသည် ၂၀၂၀ ပြည့်နှစ်၏ ဒုတိယသုံးလပတ်ကာလ၌ ၎င်းတို့၏ ဝင်ငွေနှင့် လုပ်သားအရေအတွက် လျော့ကျမည်ဟု မျှော်မှန်းထားကြကြောင်း၊ ခရီးသွားလုပ်ငန်းကဏ္ဍရှိ လုပ်ငန်းရှင်များ၏ (၉၀) ရာခိုင်နှုန်းက ဝင်ငွေလျော့ကျမည်ဟု မျှော်မှန်း ထားကြောင်း၊ ယဉ်ကျေးမှု၊ အားကစား၊ အပန်းဖြေလုပ်ငန်း၊ ကားနှင့်ဆိုင်ကယ်ရောင်းဝယ်ခြင်းလုပ်ငန်း၊ ပြုပြင်ခြင်းလုပ်ငန်းနှင့် အခြားဝန်ဆောင်မှု လုပ်ငန်းများရှိ လုပ်ငန်းရှင်များ၏ (၈၀) ရာခိုင်နှုန်းမှာလည်း အလားတူ ဝင်ငွေလျော့ကျမည်ဟု မျှော်မှန်းထားကြကြောင်း၊ လက်လီလုပ်ငန်းကဏ္ဍတွင် လုပ်ငန်းရှင်များ ၏ (၄၄) ရာခိုင်နှုန်းသည် ယခုနှစ်၏ ဒုတိယသုံးလပတ်တွင် ဝင်ငွေကျဆင်းမည်ဟု မျှော်မှန်းထားကြပြီး၊ (၂၀) ရာခိုင်နှုန်းကမူ ဝင်ငွေတိုးတက်မည်ဟု မျှော်မှန်းကြကြောင်း၊ (၃၅) ရာခိုင်နှုန်းက ၎င်းတို့၏ ဝင်ငွေမှာ ပုံမှန်အတိုင်းရှိမည်ဟု ထင်မြင်ယူဆကြကြောင်း နယ်သာလန်တိုင်းမ်၏ ၂၉-၄-၂၀၂၀ နေ့တွင် သတင်းဖော်ပြထားမှုအရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံ)

ရင်းမြစ် - (နယ်သာလန်တိုင်းမ်)

Category: International News